အမေရိကန်တွေ သူတို့ကလေးကို ဘယ်လိုထိန်းပြီး ပြုစုပျိုးထောင်လည်း ?

အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေးမတစ်ယောက် ရှာပေးခဲ့တယ်။ ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။အမေရိကားမှာနေခဲ့တဲ့ (၃)လအတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေခဲ့ပါတယ်။

(၁) မစားရင် အဆာခံပါ

မနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက်လုပ်နေခဲ့တယ်။ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင်ဝတ်ဆင်ခဲ့တယ်။(၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ဒါကို ကျွန်မက လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာ မရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့ သူနေရ သက်တောင့်သက်သာရှိတယ်ဆိုရင်ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ နေခဲ့ပါတယ်။တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး “မေမေ…မေမေ.. လူစီကပြောတယ်။သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။ တကယ်လားဟင်!” လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။

Cute toddler girl with blonde curly hair putting on her shoe sitting on the tiles floor next to a big sliding door window with garden view getting ready to play outdoors

သားအမေးကို စူစန်ကရယ်ပြီး “ဟုတ်တာပေါ့သား… သားပြန်လဲမယ်မဟုတ်လား!” လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။ ပြန်ဝတ်တယ်။ အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့မှ ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။ ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့အထိ ကျောင်းဆောင်ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။

တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။“ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား… အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား” ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။

“ဟုတ်ကဲ့…” သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။ ညနေစာကို တရုတ်အစားအစာပြင်ဆင်ဖို့ စူစန်ကပြောတယ်။ ထော်ဘီတရုတ်အစားအစာ သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိရလိုက်တယ်။ကြည့်ရတာ နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။ အီတလီခေါက်ဆွဲနဲ့ တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့် ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင်ပါတယ်။ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ် တက်ထိုင်တယ်။ ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး “ဒီနေ့ သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြတယ်မဟုတ်လား? သားလည်း ဝန်ခံဂတိပြုထားတယ်လေ” လို့ပြောတယ်။လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။ ငိုနေရင်းက “မေမေ… သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ” လို့ပြောတယ်။”ဝန်ခံခဲ့တဲ့ ဂတိအတိုင်း လိုက်နာရမယ်လေ” စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ထော်ဘီအတွက် အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။ ကျွန်မအမေရိကားရောက်စက သားပြောခဲ့တဲ့စကားကို ကျွန်မ သတိရလိုက်မိတယ်။ အမေရိကားမှာ မိဘတွေ သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ လုံးဝ ဝင်မပါရဘူးလို့ဆိုတယ်။လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။ အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက် ကစားစရာကားလေးထဲမှာ ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့ စူစန်ရဲ့ ဦးတည်ချက်ကို ကျွန်မနားလည်လိုက်ပါတယ်။နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး ထမင်းပန်းကန်လွင့်ပစ်ဖို့ကြံတိုင်း ဖေဖေမေမေ ဘွားဘွားတို့စားတာကို ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့အဖြစ်ကို သူသတိရမိလိမ့်မယ်လို့ ကျွန်မယုံကြည်မိတယ်။ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက်ခဲ့ကြတယ်။

အဲဒီမှာ ထော်ဘီက သတိလေးနဲ့ “မေမေ… သားအရမ်းဆာနေတယ်။ သား ခေါက်ဆွဲစားလို့ ရနိုင်မလား?” လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းခါပြပြီး “မရဘူး သား…”“ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား?”“ရတာပေါ့…” နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့် ထော်ဘီဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး ထော်ဘီနောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို မြိန်ရည်ယှက်ရည်စားနေတဲ့ ထော်ဘီကိုကြည့်ရင်း မြေးမလေးကို ကျွန်မ သတိရမိတတ်တယ်။

ထော်ဘီအရွယ်တုန်းက မြေးမလေးဟာ ထမင်းစားတိုင်း ချော့မော့ရတယ်။ လူကြီးတွေက ထမင်းပန်းကန်ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။ ဒါတောင် သူက ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစားစရာအရုပ်တစ်ရုပ် ဝယ်ပေးရမယ်။ နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။

(၂) သူတစ်ပါးကို နာအောင်လုပ်ပြီးရင် ပြန်လျော်ရတယ်

တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။ သိပ်မကြာပါဘူး.. ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီး အတူဆော့ကစားနေကြတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေက မြက်ခင်းပြင်တစ်ခုလုံးမှာ ခင်းကျင်းထားတယ်။ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး ကောင်မလေးတစ်ယောက်ရဲ့ခေါင်းကို ခေါက်ထည့်လိုက်တယ်။ စစချင်းမှာ ထင်မှတ်မထားတဲ့အဖြစ်ကြောင့် ကောင်မလေးကြောင်သွားတယ်။ အဲဒီနောက် အသံကုန်အော်ငိုတော့တယ်။အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း လန့်ပြီးထငိုတော့တယ်။ ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့ ထော်ဘီဟာ ဘေးမှာရပ်ပြီး ကောင်မလေးတွေငိုတာကို ကြောင်ကြည့်နေခဲ့တယ်။

အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။ အကျိုးအကြောင်းကို ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ်ခွန်းမှမပြောဘဲ အိုးယူပြီး ထော်ဘီခေါင်းကို အားနဲ့ခေါက်ထည့်လိုက်တယ်။ ထော်ဘီ ကာကွယ်ချိန်မရလိုက်ဘူး။ မြက်ခင်းပြင်ပေါ် ဖင်ထိုင်လဲကျသွားပြီး တဝါးဝါးနဲ့ အော်ငိုတော့တယ်။ဒါကို စူစန်က “နာလား! နောက်တစ်ခါ ထပ်လုပ်ရဲသေးလား?” လို့ မေးတယ်။ ထော်ဘီ ငိုရင်း ခေါင်းခါပြတယ်။ နောက်တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း ကျွန်မ ယုံကြည်မိပါတယ်။

ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး တခြားလူတွေ အထိမခံခဲ့ပါဘူး။ ဘေးအိမ်က သူငယ်ချင်းဖြစ်တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့ ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို ထော်ဘီ လက်မခံခဲ့ဘူး။တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။ လူစီဟာ ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို တိတ်တိတ်စီးထွက်သွားတော့တယ်။ ဒါကို ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က ထော်ဘီကိုပြုံးပြပြီး “သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး” လို့ ပြောလိုက်တယ်။ ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ စူစန်ဘေးကနေ ထွက်သွားခဲ့တယ်။

တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။ လူစီကိုတွေ့တာနဲ့ ထော်ဘီဟာ လူစီကိုပြေးတွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။ မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။ ဒါကိုတွေ့တော့ စူစန်က လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။ သိပ်မကြာပါဘူး… လူစီတစ်ယောက် တခြားကလေးတွေနဲ့ ပျော်ပျော်ပါးပါး ကစားနေတော့တယ်။ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။ တခြားကလေးတွေ ပျော်ပျော်ပါးပါး ကစားနေတာတွေ့တော့ သူလည်း ပါချင်လာခဲ့တယ်။ ဒါပေမယ့် ခုနားက လူစီကိုတွန်းထားတဲ့စိတ်က မနေသာခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး စူပုပ်ပုပ်လေးနဲ့ “မေမေ…သားလည်း လူစီတို့နဲ့ ကစားချင်တယ်” လို့ဆိုတယ်။“ကစားချင်ရင် သူတို့ကို သွားရှာလေ…”“မေမေပါ လိုက်ခဲ့ပေးပါ…” ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။“မရဘူး… ခုနားက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။ ခုတော့ သူတို့နဲ့ သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင် သွားဖြေရှင်းမှရမယ်”ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေးချည်းကပ်သွားတယ်။ လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။ အဲဒီလို အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာသွားမှန်း မသိပါဘူး… ထော်ဘီနဲ့လူစီ ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ကစားနေတာကို တွေ့လိုက်ပြန်ပါတယ်။

(၃) သားသမီးတွေကို သွန်သင်ဆုံးမတာ မိဘတွေရဲ့အလုပ်

စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။ ကျွန်မရောက်လာသံကြားတော့ နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ အလည်လာကြတယ်။ အိမ်ကို ဧည့်သည်တွေလာတော့ ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့ စူစန်အထပ်ထပ် သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်းဘီတွေ ရွဲရွဲစိုတဲ့အထိ ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က ကြမ်းတိုက်တံကို ကျွန်မလက်ထဲကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။ “ထော်ဘီ… ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို ချွတ်ပြီး ကိုယ်တိုင်လျှော်လိုက်ပါ”စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။ စူစန်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့် သော့ခတ်ထားလိုက်တော့တယ်။အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့ ကျွန်မစိတ်တွေ နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို ခေါ်ထုတ်ချင်ခဲ့မိတယ်။ ဒါကို စူစန်မိခင်က “ဒါ စူစန်ရဲ့ကိစ္စ” ဆိုပြီး ကျွန်မကိုတားခဲ့တယ်။တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ “မေမေ… သားမှားပြီ” လို့ သူဆိုတယ်။စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က “ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ သားသိတယ်နော်” လို့မေးတယ်။“သိပါတယ်”လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။ စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။ သူ့ထက်နှစ်ဆမြင့်တဲ့ ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။ အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။ ဒီလိုအဖြစ်က ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက မိသားစုအများဟာ သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ “ကမ္ဘာစစ်ဖြစ်အောင်” ဖန်တီးနေခဲ့သလိုပါပဲ။

ကလေးကို ဆိုဆုံးမချိန်မှာ အမေဘက်က အဘိုးအဘွားက တားလိုက်၊ အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊ လင်မယားချင်း ရန်ဖြစ်လိုက်နဲ့ ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ်ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့ စကားတချို့က ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။“ကလေးကို မိဘတွေကပိုင်တယ်။ ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့် ပါးနပ်ကြတယ်။သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊ အမြင်မတူတာတွေ့ရင် သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်ဆိုတာကို သူသိတယ်။ ဒါဟာ သူရဲ့အပြုအမှု တိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင် သွန်သင်ဆုံးမလေ ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။မိသားစုအချင်းချင်း စိတ်ဝမ်းကွဲတာတွေ၊ ငြင်းခုန်တာတွေဖြစ်ပြီး ကလေးကို ပိုမလုံခြုံစေဖြစ်တတ်တယ်။ ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်”“ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကလေးတွေကို ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊ မိဘချင်း သွန်သင်ဆုံးမပုံ ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။ မဖြစ်သင့်ဘူး”စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို လေးလေးနက်နက်နဲ့ “သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။ ဖေဖေ ဝယ်ပေးလို့ရမလား?” လို့မေးတယ်။

ဒါကို စူစန်က စဉ်းစားပြီး “ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ် မဟုတ်လား? ခရစ္စမတ်ရောက်ခါနီးမှပဲ မြေကော်စက်လေး ဝယ်ပြီး လက်ဆောင်ပေးလိုက်ပေါ့” လို့ဆိုတယ်။အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။ ထော်ဘီကို ကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ မြေကော်စက်ရုပ်လေးကို လက်ညှိုးထိုးပြီး “ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို မြေကော်စက်လေး လက်ဆောင်ပေးမယ်တဲ့”လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့် ထော်ဘီဟာ သူ့မေမေကို အရမ်းချစ်ခဲ့တယ်။ အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့ သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့ စူစန်ကို သူလက်ဆောင်ပေးတတ်တယ်။တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။ စားလို့ကောင်းတဲ့အရာကို စူစန်အတွက် သူတစ်ဝက်ချန်ထားတတ်တယ်။အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊ လျစ်လျူရှူတတ်တာကို ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို ကျွန်မ မချီးကျူးဘဲ မနေနိုင်ခဲ့ပါဘူး။ ကလေးတွေကို သွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရမှာ အမေရိကားမိခင်တွေဆီကနေ ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း ကျွန်မကောက်ချက်ချမိပါတယ်။

မူရင်းလင့်– http://space.atmovies.com.tw/space/space.cfm… နိုင်းနိုင်းစနေ (Saturday, January 08, 2011)