ဖျက်ဆီးခံရတော့မယ့် ရှေးဟောင်းသမိုင်းဝင် “တမုတ် ရွှေကူကြီး” ဘုရား

နိုင်ငံတော်အကြီးအကဲများ သိစေအပ်ပါသည်

ရှေးဟောင်းသုတေသန အမြင် မရှိကြတော့ဘူးလား? တမုတ်ရွှေကူမှာ ဗုဒ္ဓဝင်ပြခန်းဆောက်မလို့ တဲ့၊ ကျောက်ဆည်မြို့ “တမုတ် ရွှေကူကြီး “ဘုရားသည်

ပျူခေတ် ၊ပုဂံခေတ်၊ပင်းယခေတ် ခေတ်အဆက် ဆက်က ရှေးဟောင်းလက်ရာများတည်ရှိခဲ့ခြင်း။ရှားပါးသော “နှစ်ထပ်ဘုရား” တဆူ ဖြစ်ခြင်း။ ပို၍ ရှားပါးသော ” သုံးထပ်ဆင်းထု”များရှိနေခြင်း။
အလွန်လက်ရာကောင်းသော ပန်းတော့ အင်္ဂတေပန်းလက်ရာများ အကောင်းပကတိ နီးပါးကျန်ရှိနေခြင်း။ ခေတ်အဆက်ဆက်၏ အုတ်ရိုးဟောင်းများ၊ မူလကြမ်းပြင်များကို စံနစ်တကျ တူးဖော် ထိန်းသိမ်းပြသထားခြင်း။ တဆူတည်းသော ပုဂံခေတ် ပန်းတော့ လက်ရာ ၅၅၀ ဇာတ်သရုပ်ဖော် ပန်းတော့ အင်္ဂတေလက်ရာ များတည်ရှိနေခြင်း။ ရှားပါးသော “ပုဂံခေတ်အင်္ဂတေစာ”များတွေ့ရှိရခြင်း။ စသော မည်သည့် နေရာတွင်မျှ မတွေနှိုင်ရသည့် ပုဂံ ခေတ် ယဉ်ကျေးမှု့လက်ရာများ တစုတဝေးတည်းတည် ရှိနေသည့် “အတုမရှိ” ပုဂံခေတ် လက်ရာဘုရားတဆူဖြစ် သည်ကို ရောက်ရှိဖူးသူတိုင်းသိကြပေမည်။ထို့ကြောင့် တမုခ်ရွှေကူ ဘုရားကို ယဉ်ကျေးမှု့ဝန်ကြီးဌာနက ရှေးဟောင်းသုတေသန ယဉ်ကျေးမှု့သမိုင်းဝင်ဘုရား အဖြစ်သတ်မှတ်ခဲ့ပေသည်။

ဤမျှ လိုလေသေး မရှိ အဖက်ဖက် က ယဉ်ကျေးမှု့လက်ရာများ ကြည့်ရှု့ လေ့လာ မဆုံးနှိုင်အောင် ရှိနေသော တမုတ်ရွှေကူကြီးဘုရားတွင် ယခင် ဆရာတော်များနှင့် ဘုရားဂေါပကတို့က ခေါင်းလောင်းအသစ်သွန်းလှူလိုခြင်း။ တန်ခွန်တိုင်အသစ် တည်ဆောက်လိုခြင်း၊ ရုပ်ပွားတော် အသစ် တည်ထားကိုးကွယ်လိုခြင်း၊ အလှူရှင် ကဗျည်းကျောက်စာများ အရွယ်ကြီးစွာ စိုက်ထူခြင်း၊ ရှေးဟောင်းဥပဒေ နှင့်ဆန့်ကျင်သော တည်ဆောက် ပြုပြင်လုပ်ငန်းများတိုးချဲ့လိုခြင်း တို့ကို ကျနော်က အမုန်းခံ၍ တားမြစ်ခဲ့ဖူးပါသည်။

ရှေးဟောင်းဘုရားကို ဘုရားဖူးလာခြင်းသည် ရှေးဟောင်းလက်ရာတို့ကို အချိန်ယူ လေ့လာဖူးမျှော်ခြင်းသည်သာ အသင့်တော်ဆုံးသောလာရောက်မှုဖြစ်ပေသည်။ ပေါ်ပြူလာဖြစ်နေသောအသစ်အသစ်သော အရာများကို ဖူးမျှော်လိုကြပါ က “ဘုရားအသစ်”များသို့သာ သွားရောက်ကြပါကုန်။

တမုတ်ရွှေကူကြီး သည် ဘုရားဟောင်းဖြစ်သည်။ မြေအောက်၌မတူးဖော်ရသေးသော အုတ်ရိုးဟောင်းများ ကျန်ရှိနေကြသေးသည်။ တမုတ်ရွှေကူဘုရားတွင် “ဗုဒ္ဓဝင်ပြခန်းအတွက်နေရာပေးရန်မရှိပါ”၊ “တမုတ်သည် စီးပွားရေးလုပ်ရန် နေရာမဟုတ်ပါ”၊ “ရှေးမူမပျက် ထိန်းသိမ်းစောင့်ရှောက်ရန်သာဖြစ်သည်”

တမုခ်ရွှေကူကြီးကို ရှေးဟောင်းသုတေသန ဌာန က ထိန်းသိမ်း စောင့်ရှောက်ထားသည်ဟု ဆိုကြ၏ ရှေးဟောင်းနတ်မင်းကြီးများကြားသိပြီး အချိန်မီကယ်တင်နှိုင်ပါစေ။

လေးစားစွာမျှဝေပါသည်
စိုးသီဟ

ခရက်ဒစ် – Win Mg (တပ္ပဝတီဦးဝင်းမောင်)